by Myo Morn Tun on Saturday, 21 July 2012 at 22:37 ·
အရိုးပေါ်အရေတင် ခန္ဓာကိုယ်နှင့် မျက်နှာမှာလည်း သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော အသက် ၆၀ ကျော်အရွယ် ဒေါ်ထားသည် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် ရှေ့တွင်ထိုင်၍ ၀င်ပေါက်ကိုလှမ်းကြည့်ကာ တစ်စုံတစ်ခုကို မျှော်ငေးနေသည်။သူ့ပုံစံမှာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးလည်း အထင်းသားပေါ်လွင်နေသည်။
"အရမ်းကြောက်တယ်။ ညဆို လုံးဝမအိပ်ရဲဘူး။ ထမင်းလည်း စားချင်စိတ်မရှိဘူး။" ဟု သွေးပျက်မတတ် ကြောက်လန့်နေသော ပုံစံဖြင့် ဒေါ်ထားက ပြောဆိုသည်။
ယင်းမြင်ကွင်းကား ဆူပူအကြမ်းဖက်မှုများကြောင့် စစ်မြေပြင်ကြီးတစ်ခုသဖွယ် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက် အဓိဌာန်ဘုန်းကြီးကျောင်းတွင် ဖွင့်ထားသည့် ဒုက္ခသည် စခန်းတစ်ခုမှ ဒုက္ခသည်တစ်ဦး၏ ရင်တွင်းအပူမီးကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်ပါသည်။
ယင်းစခန်းတွင် ဒေါ်ထားအပါအ၀င် သက်ကြီးရွယ်အိုများ အမျိုးသမီးများ အများဆုံးပါဝင်သော ဒုက္ခသည်ဦးရေ ၄၀၀ ခန့် ခေတ္တခိုလှုံနေကြရသည်။
၎င်းတို့မှာ နေအိမ်များ မီးရှို့ခံရ၊ ဆူပူအကြမ်းဖက်မှုများကြောင့် အသက်အန္တရာယ် မလုံခြုံနိုင်တော့သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဘေးလွတ်ကင်းရာ ထွက်ပြေးလာကြရသူများဖြစ်ပြီး သန်မာသော အမျိုးသားအများစုမှာ မိမိရပ်ရွာလုံခြုံရေးအတွက် စောင့်ကျန်နေခဲ့ရကြောင်း အဆိုပါ ဒုက္ခသည်များက ပြောကြားသည်။
"သားလေးက အိမ်ကိုစောင့်ကျန်နေခဲ့ရတယ်။ လိုက်မလာနိုင်ဘူး။ အရမ်းစိတ်ပူတယ်။"ဟု ၀မ်းနည်းငိုရှိုက်သံဖြင့် ဒေါ်ထားက ရှင်းပြသည်။
ဒေါ်ထားမှာ ဘေးလွတ်ကင်းရာနေရာသို့ ရောက်ရှိနေသည့်တိုင် အကြောက်တရား သောကမီးများဖြင့် ဖြတ်သန်းနေသော နေ့ရက်များက ရှည်လျားလွန်းလှသည်။ အခြားဒုက္ခသည်များမှာလည်း ၎င်းနှင့် မထူးခြားနားပေ။ ဒုက္ခသည်အများစု၏ မျက်နှာများတွင် ကြောက်ရွံ့ တုန်လှုပ်မှုများ ပေါ်လွင်နေသည်သာမက ကျန်နေခဲ့သော မိသားစုဝင်များအတွက် စိုးရိမ်သောကများကို ၎င်းတို့၏စကားသံများက သက်သေပြုနေသည်။
"ကျွန်မတို့ကတော့ အသက်ဘေးက လွတ်လာပြီ။ ဟိုမှာကျန်ခဲ့တဲ့သူတွေ သေလား၊ ရှင်လားလည်း မသိရတော့ဘူး"ဟု စစ်တွေမြို့ ဆင်ကူးလမ်းဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဗျိုင်းဖြူရွာကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသမီး ဒုက္ခသည်တစ်ဦးမှ ဆိုသည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်းကျေးရွာမှ မသီတာထွေးကို ဘင်္ဂါလီလူမျိုးသုံးဦးက မေလ ၂၈ ရက်နေ့တွင် မုဒိမ်းကျင့်၊ လုယက်၊ သတ်ဖြတ်ခဲ့သည့် အမှုဖြစ်ပွားပြီး နောက်ပိုင်း လူမျိုးရေးအသွင်ဆောင်သော ဆူပူ အကြမ်းဖက်မှုများ တောင်ကုတ်မြို့၊ မောင်တောမြို့၊ စစ်တွေမြို့သို့ ရက်အနည်းငယ်အတွင်း ကူးစက်သွားခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သော မောင်တောမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က စတင်ကာ ဘင်္ဂါလီလူမျိုးများ ၀င်ရောက်မီးရှို့မှုကြောင့် နေအိမ်၊ အဆောက်အအုံများနှင့် ကျေးရွာဆယ်ရွာကျော် မီးလောင်ကျွမ်းသွားကြောင်း၊ ဒေသခံများမှာ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး သေဆုံးသူ ဆယ်ချီရှိခဲ့ကြောင်း မောင်တောမြို့ ဒေသခံများက ပြောဆိုကြသည်။
မောင်တောမြို့ ဆူပူမှုစတင်ပြီး နောက်တစ်နေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ရပ်ကွက် ငါးခု မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
မီးတဟုန်းဟုန်း တောက်လောင်နေသော နေရာအသီးသီးမှ မီးခိုးလုံးများကြောင့် စစ်တွေမြို့အနှံ့ ညှော်နံ့များကလည်း တထောင်းထောင်း။ မြို့လမ်းများပေါ်တွင် ဒေသခံများမှာ တုတ်၊ ဓား ကိုယ်စီကိုင်ဆောင်ထားပြီး လမ်းတစ်လျှောက် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် လူများစုရုံးနေကြသည်။ ၎င်းတို့သည် အထိတ်တလန့် ဖြစ်နေပုံမှာလည်း အထင်းသား ပေါ်လွင်နေသည်။ လူအများစုမှာ အိမ်ထဲတွင် မနေရဲကြ။ အိမ်ရှေ့တွင် စုဝေးထိုင်နေကြသည်။ လူတစ်ဦး ဖြတ်လျှောက်သွားလျှင်လည်း သံသယအကြည့်ဖြင့် စူးစိုက်ကြည့်နေကြသည်။
အသက်အရွယ် ၁၅ နှစ် ၀န်းကျင်ရှိသော အမျိုးသမီးငယ်များမှာပင် မိမိလုံခြုံရေးအတွက် လက်နက်ကိုယ်စီဖြင့် အန္တရာယ်ကို ရင်ဆိုင်ရန် အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြသည်။
"ကိုယ့်ကိုယ်ကို ကာကွယ်တာကလွဲလို့ ဘာမှ မလုံခြုံတော့ဘူး"ဟု စစ်တွေမြို့ ဓည၀တီရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။
"ကြောက်ကြောက်နဲ့ ပြေးလာကြတာ တချို့ကလေးတွေ ပျောက်ကျန်နေခဲ့တယ်"ဟု စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် ဓမ္မာရုံ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဗျိုင်းဖြူရွာမှ ဒုက္ခသည် အမျိုးသမီးတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းများတွင် လာရောက်ခိုလှုံလာသော ဒုက္ခသည်ဦးရေမှာ ဇူလိုင်လ ၁၄ ရက်နေ့အထိ သောင်းဂဏန်းအထိရှိကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။
"ဘ၀ပျက်ပြီ။ တစ်သက်လုံးစုလာခဲ့တာ အကုန်လုံး မီးရှို့ခံလိုက်ရပြီ"ဟု ဂြစ်ချေဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော နာဇီကျေးရွာမှ အမျိုးသားဒုက္ခသည်တစ်ဦးက ဒေါသသံဖြင့် ဆိုသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီများ မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသွားရာမှ ရခိုင်တိုင်းရင်းသားများ နေထိုင်သော နေအိမ်များပါ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ဒေသခံတို့က ပြောကြားသည်။
ယင်းသို့ဆူပူအကြမ်းဖက်မှုများကြောင့် နှစ်ဦးနှစ်ဘက် ယုံကြည်မှု လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း စစ်တွေမြို့မှ လူမှုကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်သော ၀ံလက်ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးက သုံးသပ်သည်။
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝဏ္ဏရွှေကမူ "နှစ်ဖက်လုံးကတော့ အရမ်းထိတ်လန့်နေကြမှာပဲ။ တစ်ဖက်က ဘာလုပ်မလဲဆိုတာကို အရမ်းစိုးရိမ်နေကြမှာပဲ။ ယုံကြည်မှုတွေကလည်း ပျက်စီးသွားပြီ။"ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွင်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ရောက်ရှိနေသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၁၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။
ယခုအကြမ်းဖက်မှုမှာ ဂီရိမုန်တိုင်းထက် အဆပေါင်းများစွာ ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းကြောင်း၊ ပျက်စီးဆုံးရှုံးမှုလည်း ပိုများပြားကြောင်း ရခိုင်ပြည်နယ် ဒေသခံများက မှတ်ချက်ပေးသည်။
"ဂီရိတုန်းက သဘာဝဘေးအန္တရာယ်နဲ့ တွေ့တာ။ ပြန်လည်ထူထောင်ဖို့က လွယ်တယ်။ အခုပြဿနာက လူအချင်းချင်း တွေ့တာဆိုတော့ လူအချင်းချင်းမှာ စိတ်ဒဏ်ရာရသွားကြပြီ။ ပြန်လည်ထူထောင်နိုင်ဖို့ကလည်း မလွယ်သေးဘူး"ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက သုံးသပ်သည်။
ပစ္စည်းဥစ္စာဆုံးရှုံးမှုများထက် မိသားစုဝင်များ၊ ချစ်ခင်ရသူများ ဆုံးရှုံးခဲ့ရခြင်းမှာ မည်သို့မျှ အစားထိုးမရနိုင်တော့သည့် ဆုံးရှုံးမှုဖြစ်သည်။
"ကျွန်တော့် သူငယ်ချင်းဆို ကျွန်တော့်ရှေ့မှာပဲ အသတ်ခံလိုက်ရတာ။ အဲဒီအဖြစ်အပျက်က မျက်လုံးထဲက မထွက်ဘူး"ဟု စစ်တွေမြို့ ရူပမြောက်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ဒုက္ခသည်အရေးများကို လိုက်ပါဆောင်ရွက်ပေးနေသော စစ်တွေမြို့ ဒေသခံတစ်ဦးကမူ "မိသားစုဝင်တစ်ယောက် အဆုံးအရှုံးခံလိုက်ရတဲ့သူတွေ ဆိုရင် အပူမီးတွေက ဘယ်တော့ငြိမ်းနိုင်မှာလဲ"ဟု ၎င်း အမြင်ကို ပြောဆိုသည်။
ယင်းကဲ့သို့ ဆူပူအကြမ်းဖက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သော ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ အမျိုးသမီးများမှာ စိတ်ဒဏ်ရာ ရသွားနိုင်ကြောင်း ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်ခင်အေးဝင်းက သုံးသပ်သည်။
ကလေးငယ်များ စိတ်ဒဏ်ရာရသွားလျှင် စိတ်ပုံမှန် အခြေအနေမရနိုင်တော့ရုံသာမက ကိုယ်ရည်ကိုယ်သွေးများ ထိခိုက်သွားနိုင်ကြောင်း၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများဆိုပါက စိတ်ကြောက်လန့်သောရောဂါ (Post Traumatic Stress Disorder) ရောဂါမျိုး ရရှိသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
"ကလဲ့စားချေချင်တဲ့ စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်။ ဘ၀အတွေ့အကြုံကလည်း အရမ်းခါးသီးသွားတာကိုး"ဟု ဒေါ်ခင်အေးဝင်းက သုံးသပ်သည်။
လက်ရှိတွင် အေးချမ်းတည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားသော်လည်း ဒေသခံများတွင် ခံစားနေရသော စိတ်ဒဏ်ရာများကို ကုစားပေးနိုင်ရန်မှာ နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မီဒီယာများကပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိတ်ဒဏ်ရာများကို ဖြေဖျောက်ပေးနိုင်ရန် စိတ်ဒဏ်ရာများနှင့် ပတ်သက်သော ပညာပေးများ၊ Workshop များ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဦးဦးလှစောက ဆိုသည်။
ဒေါ်ခင်အေးဝင်းကမူ "စိတ်ဒဏ်သင့်သွားကြတဲ့အတွက် Psycho Socitey Support (စိတ်ပိုင်းဆိုင်ရာ လူမှုရေးအထောက်အပံ့)ပေးဖို့ အရေးတကြီး လိုအပ်တယ်။ နာဂစ်တုန်းက စိတ်ဒဏ်ရာ ရတဲ့သူတွေကို ဒီနည်းနဲ့ ကုစားခဲ့ရတယ်"ဟု ၎င်းအတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာ ရှင်းပြသည်။
လူမျိုးအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ယုံကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ယုံကြည်မှု တည်ဆောက်ရန် နိုင်ငံတော်အပါအ၀င် မီဒီယာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကာ ၀ိုင်းဝန်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုမှတဆင့် ရင်းနှီးချစ်ခင်စွာ နေထိုင်နိုင်ရန် တရားဥပဒေ စိုးမိုးရေးမှာ အလွန်အရေးကြီးကြောင်း ဦးဝဏ္ဏရွှေက သုံးသပ်သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကမူ "စိတ်ဒဏ်ရာကို မကုစားနိုင်ရင် နောင်ဒီထက်ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်တယ်"ဟု သုံးသပ်သည်။
ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေရပြီဖြစ်သော်လည်း ဒေါ်ထားအဖို့ကား ထိတ်လန့်မှု စိုးရိမ်သောကများကား မငြိမ်းနိုင်သေးပေ။ သားအလာကို စောင့်မျှော်ရင်း စိုးရိမ်သောကများကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်နေသည်။
စကားအနည်းငယ် ပြောရုံဖြင့် မောဟိုက်နေသည်။
သို့သော်လည်း ဒေါ်ထားမျှော်နေသော သားဖြစ်သူကား မိခင်ဆီကို ရောက်မလာနိုင်သေးပေ။
ဒေါ်ထားမှာ အဆိုပါကျောင်းဝင်းတွင် ခေတ္တခိုလှုံရင်း ရောက်လာမည့် ၎င်း၏သားကို နေ့စဉ် စောင့်မျှော်နေဆဲ ဖြစ်သည်။
အောင်မြင့်ထွန်း
July 23-29,2012 နေ့စွဲဖြင့် ထုတ်ဝေသော The Voice Weekly Journal Vol.8/ No.31 မှ-
No comments:
Post a Comment