DVB-Burmese
            
ရခိုင်ပြည်နယ်မှာ  ပဋိပက္ခတွေဖြစ်တုန်းက ပိတ်ထားတဲ့ ကျောင်းတွေဟာ ခုထက်ထိ  ပြန်မဖွင့်နိုင်သေးသလို ဖွင့်တဲ့ကျောင်းတွေကိုလည်း  လုံခြုံရေးကြောင့် ကျောင်းသား လာရောက်မှု နည်းနေပါတယ်။
အစိုးရက စစ်တွေ၊  ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့  သံတွဲမြို့နယ်တွေမှာ ကျောင်းပိတ်ခဲ့သလို အရေးပေါ်အခြေအနေ  ကြေညာထားပါတယ်။ ကျောင်းတွေအကုန်မပိတ်ပေမယ့် လုံခြုံရေးကြောင့်  မတက်ကြတာ ဖြစ်ပါတယ်။
စစ်တွေမှာ  နာဇီကျေးရွာဘက်က ကျောင်းတကျောင်းသာ ပိတ်ပေမယ့်  လုံခြုံရေးကြောင့် ကျောင်းသားမိဘတွေက ကလေးတွေကို  ကျောင်းမလွှတ်ကြဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“ပိတ်ထားတာတော့  မဟုတ်ဘူး။ ဖွင့်ထားပါတယ်။ ဘယ်လိုပြောရမလဲ။ ဆရာ ဆရာမတွေတော့  ရောက်တယ်။ ကျောင်းသားတွေက ဒီမှာ ၁၄၄ လည်း ထုတ်ထားတယ်။  တည်ငြိမ်မှုကလည်း မိဘတွေက စိတ်မချသေးတဲ့အတွက် သားသမီးတွေကို  မလွှတ်တာတွေရှိတယ်။”
ပိတ်ထားတဲ့  သံတွဲနည်းပညာတက္ကသိုလ်ကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့လည်း  ပြင်ဆင်နေပါတယ်။ အဲဒီနည်းပညာတက္ကသိုလ်ကျောင်းမှာ အဆောင်နေ  ကျောင်းသားတွေ လုံခြုံရေးအတွက် ကြိတင်ပြင်ဆင်တဲ့အနေနဲ့ အစ္စလာမ်  ဘာသာဝင်တွေနဲ့ လတ်တလောမှာ အတူမနေကြဖို့ စီစဉ်နေပါတယ်။
“သံတွဲက လူတွေကတော့  ဘာမှ မလုပ်ပါဘူး။ သူတို့က တောင်ကုတ်ဘက်က များတယ်။ အမ်းဘက်ကရှိတယ်။  အဲတော့ သူတို့သားသမီးအတွက် စိုးရိမ်ပြီး ပြန်ခေါ်တဲ့သဘောပါ။  ကျောင်းသားတွေက အရင်တုန်းက မွတ်စလင်ရပ်ကွက်တွေမှာ များတယ်ဗျ။  ဘော်ဒါသဘောမျိုးနဲ့ နေကြတာလေ။ အခုတော့ သူတို့ကို ပြဿနာကို  ရှောင်ရှားတဲ့အနေနဲ့ သူတို့ကို မွတ်ဆလင်ရပ်ကွက်တွေမှာ မထားဘဲနဲ့  ရပ်ကွက်တွေမှာ နေရာတွေ စီမံပေးတယ်လို့ ကျနော်ကြားတယ်။”
ရသေ့တောင်မြို့နယ်ကို မေးကြည့်ရာမှာ တနင်္လာနေ့ကစလို့ မြို့ပေါ်ကျောင်းတွေ ဖွင့်တယ်လို့ ဖြေပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့  မောင်တောမှာလည်း ကျောင်းမဖွင့်နိုင်သေးသလို တရွာနဲ့ တရွာ  ကူးလူဆက်ဆံခြင်းတောင် မရှိသေးဘူးလို့ မြို့ခံလူငယ်တဦးက ခုလို  ပြောပါတယ်။
“အဲဒီနေ့ကနေ  ဒီနေ့အထိကို ကိုယ့်ရွာကနေ တခြားရွာကို သွားလို့မရဘူး။ ဈေးတွေ၊  ကျောင်းတွေ ဘာမှလည်း မဖွင့်ရသေးဘူး။ ကိုယ့်ရွာမှာပဲ  ရှိတာနဲ့စားပေါ့။ မရှိတဲ့လူတွေလည်း စားလို့မရဘူးပေါ့။” 
 

 
 
No comments:
Post a Comment