ဒီဗွီဘီ
ရခိုင်ပြည်နယ်  ပေါက်တောမြို့နယ်ဘက်ကနေ စစ်တွေမြို့ဘက်ကို လာတဲ့  ဘင်္ဂါလီလှေတစီးမြုပ်လို့ လူ ၄၀ နီးပါး အသက်ဆုံးရှုံးခဲ့တယ်လို့  စစ်တွေမြို့ခံတဦးက ပြောပါတယ်။
ဒီလ ၇ ရက်နေ့က  လှေနစ်မြုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူတွေဟာ အရေးအခင်းဖြစ်တုန်းက  စစ်တွေကနေ ပေါက်တောမြို့နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ပြီး  ပိုက်ကျေးပြင် မွတ်ဆလင်ရွာမှာ သွားရောက်ခိုလှုံကြရာက အခုအခါ စားရေရိက္ခာ  ပြတ်လတ်လို့ ပြန်လာကြတာလို့ ဆိုပါတယ်။
အဖြောင့်အားဖြင့်  ငါးမိုင်ခန့်သာ ခရီးရှိပေမယ့် ရှောင်ကွင်းမောင်းနှင်ကြရာက လှေ ၁၀  စီးအနက် ၉ စီးက စစ်တွေမြို့က မွတ်ဆလင်တွေကို ထားရှိတဲ့  သဲချောင်းကျေးရွာကို ရောက်ရှိတယ်လို့ ပြောပါတယ်။
“စစ်တွေ့မြို့ကို  လာတဲ့အခါ သူတို့က ပင်လယ်ဘက်က ပတ်ပြီး လာရတယ်။ နီးနီးလေးပါ။  သူတို့နေတဲ့အရပ်နဲ့ သူတို့လာတဲ့အရပ်က ငါးမိုင်လောက်အထိ ဝေးမယ်။  သူတို့က သဲချောင်းကိုလာတာ။ သဲချောင်းက မွတ်ဆလင်ရွာကို လာတာ။  ပင်လယ်နားမှာရှိတာ ဒါပေမယ့် ချောင်းထဲ ဝင်ရတယ်။ အဲဒီချောင်းထဲ  အဝင်မှာ ရေအားနည်းနည်း ကြမ်းတယ်ဗျ။ စက်လှေမောင်းတဲ့သူက  မကျွမ်းကျင်ရင် ဝင်လို့မရဘူး။ အခု အဲဒီလို ဖြစ်သွားတာ။  ချောင်းထဲဝင်တဲ့အဝမှာ မှောက်သွားတာ။”
မွတ်ဆလင်တဦးကလည်း  သူတို့အသိုင်းအဝိုင်းမှာ ကြားသိတယ်လို့ ပြောပေမယ့်  အာဏာပိုင်တွေထံကတော့ သီခြားအတည်မပြုနိုင်သေးပါဘူး။
သံတွဲမြို့က နည်းပညာတက္ကသိုလ်ကိုတော့ အခုလ ၇ ရက်နေ့ ကတည်းက စတင်ဖွင့်လှစ်နေတယ်လို့ သံတွဲမြို့ခံတဦးက ပြောပြပါတယ်။
နယ်စပ်  မောင်းတောမှာတော့ အိမ်အပြင်ထွက်သူ ရာဂဏန်းအောက်သာ ရှိသေးတယ်လို့  မြို့ခံအမျိုးသမီးတဦးက ပြောပြပါတယ်။ နယ်စပ်ကုန်သွယ်ရေး  ရပ်တန့်နေသလို နယ်စပ်ကုန်သွယ်ရေးကို အမှီပြုတဲ့  ဆိုက်ကားသမားတွေရော၊ လက်လုပ်လက်စားတွေအဖို့ အလွန်အမင်း  စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တလွှားမှာ  အရေးပေါ်အခြေအနေ ကြေညာထားပြီး ပိတ်ထားတဲ့ကျောင်းနဲ့  တက္ကသိုလ်တွေကို လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ ဖွင့်လှစ်မယ်ဆိုတဲ့  သတင်းတွေ ထွက်နေပါတယ်။ ဒေသခံတွေကို မေးမြန်းချက်အရ  ကျောင်းတွေဖွင့်လှစ်တယ် ဆိုရင်တောင် ကျောင်းသားတွေ  တက်ရောက်နိုင်ရေး အတွက် လုံခြုံရေးအစီအမံတွေ လိုအပ်တယ်လို့ ထောက်ပြ  ပြောဆိုပါတယ်။
 

 
 
No comments:
Post a Comment