ရခိုင်ပြည်နယ်ဘက်မှာ အကြမ်းဖက် အဓိကရုဏ်ကြောင့် ဘေးလွတ်ရာ တိမ်းရှောင် ခဲ့ကြ သူတွေကို နေရပ် ပြန်နေနိုင်ဖို့ ပြည်နယ်အစိုးရက စီစဉ်ပေးနေပါတယ်လို့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ်တဝန်းမှာ တော်တော်လေး တည်ငြိမ်နေပြီဖို့ အခြေအနေ ပုံမှန် ပြန်ဖြစ်အောင်လဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ တချိန်ထဲမှာပဲ ပြန့်နေတဲ့ ဒုက္ခသည် အားလုံးကို အကူအညီ ပေးနိုင်ဖို့ အခက်အလဲ ရှိတယ်လို့ ပရဟိတ အလှုရှင်တွေက ပြောနေပါတယ်။ ဒီတော့ ပြည်နယ်အစိုးရ အနေနဲ့ အကူအညီတွေ လိုနေတဲ့သူတွေ လက်ထဲရောက်ဖို့ ဘယ်လို စီစဉ်ပေးနေပါသလဲ။ မစုမြတ်မွန်က တင်ပြ ပေးပါထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ နေရပ်ပြန်ချင်သူတွေ ပြန်နိုင်အောင် စီစဉ် ကူညီပေးနေတာလို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ကယ်ဆယ် အကူအညီပေးရေး တာဝန်ရှိသူ
ဦးဝင်းမြိုင်က အခုလို ပြောပါတယ်။

"လုံးဝ ငြိမ်သွားပါပြီ ခင်ဗျား။ အဲဒီ ရသေ့တောင်လေးတခု ၁၉ ရက်နေ့က ဖောက်သွားတာပဲ ရှိပါတယ်။ ကျန်တဲ့နေရာတွေ အကုန်လုံးက အေးချမ်းသွားပါပြီ ခင်ဗျ။ စိုက်ပျိုးချိန် ဖြစ်နေတဲ့အတွက် လယ်သမားတွေပါ လယ်ထွန်လို့ရအောင် စီစဉ် ဆောင်ရွက်ပေးနေပါတယ် ခင်ဗျ။ တချို့ကကျတော့လည်း ခက်တာပေါ့။
ကျနော်တို့အနေနဲ့ကတော့လေ လုံခြုံရေးပိုင်းကို လုံခြုံရေး ၀န်ကြီးကနေ တာဝန်ယူပြီးတော့ အကုန်လုံး သက်ဆိုင်ရာ ဒေသတွေမှာ စိတ်ချ လက်ချ ပြန်နေရအောင် အကုန်လုံး စီစဉ်ပေးနေပါတယ်။ နောက် ဘူးသီးတောင်၊ မောင်းတောဆိုရင် မနေ့က တီဗွီမှာလည်း ပြထားပါတယ်၊ တချို့   တို့ဒေသကို ပြန်တယ်။ ပြန်တဲ့အခါမှာ ကျနော်တို့က ဆန်တို့၊ ဆီတို့ပေါ့လေ၊ တချို့ ဝေးတဲ့နေရာဆိုရင် ၅ ရက်စာ၊ နီးတဲ့ ကျေးရွာတွေဆိုရင် ၃ ရက်စာပေးပြီး ကျနော်တို့ ပြန်ပို့ပေးနေပါတယ်။"


နေရပ်မပြန်ရဲသေးလို့ ဘေးကင်းရာမှာ ခိုလှုံ နေကြရသူတွေ အတွက်ကိုလဲ ကူညီထောက်ပံ့ရေးတွေ ပို့ပေးနေကြပါတယ်။

"စခန်းတွေ အားလုံးကိုတော့ ဆန်ကတော့ ကျနော်တို့ အလုံအလောက် ဖြန့်ထားတယ် ခင်ဗျ။ ဆန်ရယ်၊ ဆီရယ်၊ ပဲရယ်ပေါ့။ WFP ရယ်၊ ကျနော်တို့ ဒီ ရခိုင်ပြည်နယ် အစိုးရရယ်က လှုဒါန်းတဲ့ နေရာတွေကနေ အကုန်လုံး ဖြန့်ထားပါတယ် ခင်ဗျ။ အကုန်လုံး တပြည်နယ်လုံး ဖြန့်တယ်ခင်ဗျ။ အခု ဖြစ်ပွားတဲ့ နေရာတွေအားလုံးရော၊ နောက် ဖြစ်ပွားမှု မရှိပဲနဲ့ ကြောက်လန့်ပြီးတော့ ရှောင်တိမ်းနေတဲ့ နေရာတွေ အားလုံးကို ဖြန့်ထားပါတယ် ခင်ဗျ။ ဆန်ရယ်၊ ခေါက်ဆွဲခြောက်၊ ဆီ၊ ပဲ၊ အကုန်လုံး ဖြန့်ပေးထားပါတယ် ခင်ဗျ။ ရခိုင်ဖက်ကတော့ ဘုန်းကြီးကျောင်းတွေမှာ နေတဲ့အခါကျတော့ သူက အမိုးအကာတွေ ရှိပြီးသားဗျာ။ ကျနော်တို့ ဘုန်းကြီးကျောင်းတွေဆိုတာ သိတဲ့အတိုင်းပေါ့၊ အများကြီး နေလို့ ရတာကိုး။ ဒီ မူဆလင်တွေ ဘက်တွေကျတော့ သူတို့ အိမ်လေးတွေက သေးတော့၊ ကျနော်တို့က တဲတွေ ထိုးထား ပေးတယ်လေ၊ လောလောဆယ် ယာယီ နေလို့ရအောင်။ ကျနော်တို့ ပြည်နယ်အစိုးရက လူသားချင်း စာနာ ထောက်ထားတဲ့အတွက် နှစ်ဖက်စလုံးကို ပေးတာပါခင်ဗျ။"

ဒုက္ခသည်အများစုက ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ခိုလှုံ နေကြရတာဖြစ်လို့ ရေနဲ့ မိလ္လာ သန့်ရှင်းမှုပိုင်းမှာ အဓိက ပြဿနာ ရှိနေကြပါတယ်။ အဲဒီအတွက်ရော
ဘယ်လိုအစီအစဉ်တွေ လုပ်ပေးနေပါသလဲဆိုတော့ -

"တနေ့က ကတည်းကစပြီးတော့ ကျနော်တို့ နှစ်ဖက်စလုံးပေါ့၊ ဒီလူစုတဲ့နေရာတွေ မှန်သမျှ အိမ်သာကို ပထမတော့ ကျနော်တို့က ၁၅ အချိုး ၁ လုပ်ဖို့ ကျနော်တို့ စီစဉ်တယ်။ လူဦးများပြီး နေရာ ကျဉ်းတဲ့ အတွက်ကြောင့် ကျနော်တို့က ပုံစံ အချိုးပြောင်းပြီးတော့ မနေ့ကတည်းက စပြီးတော့ လုပ်နေပါပြီ ခင်ဗျ။"

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရခိုင်ပြည်နယ်ဘက် သွားရောက်လှုဒါန်းခဲ့တဲ့ Handy Myanmar Youth အဖွဲ့က ကိုညီလင်းဆက်ကတော့ အကူအညီပေးရေးနဲ့ ပါတ်သက်လို့ သူတွေ့ခဲ့ရတဲ့ အခက်အခဲကို ခုလို ပြောပါတယ်။

"စစ်တွေလောက် အထိက နဲနဲလေး လက်လှမ်းမှီတယ်ပေါ့ အစ်မရယ်။ ဘူးသီးတောင်၊ မောင်းတောတို့၊ ရသေ့တောင်တို့ဘက်ကကျတော့ သွားရေး လာရေးရော၊ လုံခြုံရေး အရရော နဲနဲလေး အခက်အခဲ ရှိတဲ့ အခါကျတော့ အဲဒီဘက်ကတော့ သိပ်မရောက်ဘူး။ ဒါပေမယ့် အဲဒီဘက်ပိုင်းကို ကျတော့ UN တို့၊ ဒီဘက်က အစိုးရတို့ ဘာတို့ဘက်က လုပ်ပေးနေတယ်လို့တော့ ကျနော်တို့ ကြားတယ် ခင်ဗျ။ ဒါပေမဲ့ ကိုယ်တိုင် မတွေ့ရတဲ့အခါ ကျတော့လည်း ပြောဖို့ကတော့ ခက်တာပေါ့နော်။"

ဒါနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူ တယောက်ဖြစ်တဲ့ ဦးဝင်းမြိုင်ကတော့ အခုလို ပြောပါတယ်။

"သူတို့ လာဆက်သွယ်ရင်တော့ ကျနော်တို့ ဒီက စီစဉ်ပေးပါတယ်။ သူတို့ ဘယ်သွားချင်လည်း၊ လာပြီးတော့ သတင်းပို့ရင် ကျနော်တို့က သူတို့ သွားချင်တဲ့နေရာ၊ ဘာလှုမလဲ၊ ဘယ်လောက် အင်အားရှိလဲ၊ သူတို့ဖက်က အတိအကျ သိရင်တော့ ၀န်ကြီးချုပ်ကို တင်ပြပါတယ်။ ၀န်ကြီးချုပ်က သွားလို့ လွယ်ကူတဲ့ နေရာဆိုရင်လည်း
သူ့နည်း သူ့ဟန်နဲ့ သွားလို့ရပါတယ်။ လုံခြုံရေး လိုအပ်မှ ဆိုရင်လည်း ကျနော်တို့က ဒီ ပို့နေတဲ့ဟာတွေ ရှိတယ်လေ။ အဲဒါတွေနဲ့ ကျနော်တို့ ပေါင်းပြီး ပို့ပါတယ်။လာလှုတဲ့သူတွေနဲ့ ပတ်သက်လို့ ကြိုက်တဲ့နေရာမှာ သူတို့သဘောနဲ့ သူတို့ လှုခွင့် ရှိပါတယ် ခင်ဗျ။ ကျနော်တို့က ပိတ်ပင်တာမျိုး မရှိပါဘူး။"


ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ရေးမှာ လိုအပ်တဲ့ နောက်တချက်ကိုလံ ကိုညီလင်းဆက်က ခုလို အကြံပြု ပါတယ်။

"ပြဿနာက အမရယ်၊ တချို့တွေက ဒုက္ခသည်စခန်းမှာ မနေကြဘူး။ ကျနော်တို့ တွေ့ရတဲ့ ပြဿနာက ဒုက္ခသည် စခန်းမှာ မနေကြဘူး။ ဒါပေမယ့် မီးလောင်တဲ့ အထဲမှာ သူတို့ ပါတယ်။ ဒါပေမယ့် သူတို့ ဒုက္ခသည်စခန်းကို ၀င်မနေတဲ့ အခါကျတော့ လှုမယ် ဆိုလို့ရှိရင် သူတို့ကို လိုက်ရှာပြီး လှုဖို့က ခက်တယ်။ စာရင်းအရ မရှိဘူး ဖြစ်နေတာပေါ့။ ဆိုတော့ ကျနော်တို့ကတော့ တတ်နိုင်သမျှ ကယ်ဆယ်ရေး စခန်းတွေမှာ စာရင်းတွေ ဘာတွေ သွင်းထားဖို့ပေါ့လေ၊ အဲဒါမျိုးကို ကျနော်တို့လည်း တတ်နိုင်သမျှတော့ ရခိုင် အခြေစိုက် အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အကြံဉာဏ် ပေးတာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ အခုဆိုရင် ကျနော်တို့ သွားခဲ့ရတဲ့ ဥစ္စာထဲမှာ ကျနော်တို့ တွေ့တယ်၊ တချို့တွေက ဒီရပ်ကွက်ထဲမှာ နေတယ်၊ မီးပြာကျသွားတယ်၊ ဒါပမေယ့် သူတို့က အဲဒီမှာ မရှိတဲ့ အခါကျတော့ စာရင်းထဲမှာလည်း မပါဘူး။ ဘေးကလူတွေကတော့ ၀ိုင်းပြောတယ် ဆိုတဲ့အခါကျတော့ လှုရတဲ့နေရာမှာ နဲနဲလေးတော့ အခက်အခဲ ရှိတာပေါ့နော်။ ဆိုတော့ ဒီလူတွေဘက်ကလည်း စာရင်းတွေ ဘာတွေသွင်းဖို့ပေါ့လေ၊ အဲဒါမျိုးလေးကို နဲနဲလေး ဆော်သြပေးဖို့တော့ လိုမယ်နဲ့ တူပါတယ် ခင်ဗျ။ စံနစ်တကျ စာရင်းလေးတွေ ထွက်လာဖို့ပေါ့လေ။"

ဘေးလွတ်ရာ ခိုလှုံနေကြသူတွေဖက်ကတော့  အဓိက နေရပ် ပြန်နေချင်ကြပြီးတော့ ကူညီ ထောက်ပံ့ကြ သူတွေ အနေနဲ့ အကူအညီတွေကို သူတို့လက်ထဲကို တိုက်ရိုက်ပေးဖို့ လိုလားတယ်လို့လဲ ပြောကြပါတယ်။